ဦးမင်းလူ နုတ်ထွက်သွားခြင်း
ယောက်ျားပီသတယ်ဆိုတာ
ကိုယ်နိုင်တဲ့သူကို
ဖိတွယ်တတ်တာဆိုရင် …။
ရိုးသားတယ်ဆိုတာ
သူများ မကောင်းကြောင်းနဲ့
ကိုယ်ကောင်းကြောင်းကို
မကွယ်မ၀ှက် ဖွင့်ပြောတတ်တာဆိုရင် …။
ကြိုးစားတယ်ဆိုတာ
ကိုယ့်မိသားစု ကောင်းစားရေး
တစ်ခုတည်းအတွက် ကြံစည်တာဆိုရင် …။
ဂုဏ်သရေရှိတယ်ဆိုတာ
သူတစ်ပါးပေါ်
အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင် …။
အားကိုးရတယ်ဆိုတာ
ညွှန်ကြားရေးမှူးချုပ်ရဲ့ ပီအေနဲ့
ခင်တယ်ဆိုတာကို ပြောတာဆိုရင် …။
မင်းရဲ့ ဧည့်သည်တော်စာရင်းထဲက
ငါ့နာမည်ဘေးမှာ
`ရာသက်ပန် ဖျက်သိမ်း´ ဆိုတာလေး
တဆိတ်လောက်
တေးမှတ်ထားလိုက်စမ်းပါကွယ်။ ။
ဦးမင်းလူ နုတ်ထွက်သွားခြင်း
ရွှေအိုးထမ်းပြန်ခဲ့တော့ ညိမ်းညို
ရွှေအိုးထမ်းပြန်ခဲ့တော့ ညိမ်းညို
“ယောက်ျားချင်းအချစ်နဲ့ 
ယောက်ျားချင်းအချစ် ရှိခဲ့တယ်ဆိုရင်
အဲဒီ ဗိုင်းရပ်(စ်) ပိုးကို
ငါအရင်တွေ့ရှိ တာပါကွယ်“…….မောင်ချောနွယ်
ညိမ်းညိုရေ…..မင်းဘယ်လိုလဲ
မင်းဘယ်သူဆိုတာထက်
မင်းကဗျာသာ ငါစိတ်ဝင်စားတယ်
မင်းကဗျာထဲမှာသာ
မင်းကို ငါ ရှာဖွေလိုက်ချင်တယ်
ငါ့ ဒိုင်ယာရီ ရဲ့စာတစ်မျက်နှာ
မင်းကဗျာကြောင့် ထွန်းလင်းတောက်ပတယ်
အိပ်မက် တွေနဲ့ ကဗျာဆရာ
ငါ့ကိုငါ ခေါ်ဖို့ မရဲပေမယ့်
မင်းကိုငါ ခေါ်ရဲဖူးချင်တယ်
ငါတို့ တရားမဟောဘူး
ငါတို့ လမ်းမပြဘူး
ခံစားမှု တွေကိုသာငါတို့ လှုပ်နှိုးတယ်
မေတ္တာတရားကို မြတ်နိုးတယ်
ဒဏ်ရာအနာတရ တွေကိုသာ
ချင်ခြင်းတပ်စွာ လိုက်ရှာတယ်
လောကကြီးနဲ့ စိတ်ဆိုးစိတ်ကောက်တယ်
ဖန်တစ်ရာတေအောင် ရန်ဖြစ်လည်း
ငါတို့ ပြန်ပြန်ချစ်တယ်
ကဗျာဆရာ ရဲ့မဟာတာဝန်ဟာဒါပဲ
ဒီလောက်ပဲပေါ့ကွာ
“ကဗျာဆရာသေရင်
ကဗျာနဲ့ သရဏဂုံ တင်ရတယ်“…..မောင်ချောနွယ်
ညိမ်းညိုရေ
မင်းမသေဘဲ
မင်းကဗျာတွေမသေလိုက်ပါနဲ့
ကဗျာကို ယုံတာစုံလုံးမကန်းပါဘူး
ငါ သေရင် သရဏဂုံ တင်ဖို့
ကဗျာတွေ ထမ်းပြီး ပြန်ခဲ့တော့…..ညိမ်းညို ။ ။
ညီသူငယ်ချင်း မျှားပြာ နှင့် ညိမ်းညို သို့ 
ညိုထက်ညို ( ၂၃၊၀၁၊၀၈ )
ကိုညိုထက်ညိုရဲ့ ကဗျာလေးပါဗျာ အစ်ကိုရေ ကျေးဇူးတင်ပါတယ်။ အဆင်ပြေပါစေဗျာ။
ဤခရီးနီးသလား
လူတကာကိုအဆင်ပြေစေချင်တဲ့ မင်းရင်ဘတ်ထဲ
လေပူတွေ ဝေ့နေဆဲလား
ဘာတွေကို မင်းငတ်မွတ်ခဲ့တာလဲ
ဘယ်တော့များ မင်းလမ်းတွေဖြောင့်လိမ့်မလဲ
ငါဆုတောင်းပေးတယ် မျှားပြာရေ
မုန်တိုင်းဆဲရင်တော့ လေပြေလာလိမ့်မှာပေါ့
ခံနိုင်ရည်တွေကတော့ မင်းရဲ့နောက်ဆုံးခံတပ်ထဲ
စိန်ခေါ်ပွဲတွေ အဆက်မပြတ်စွာနဲ့တရစပ်
မင်းလမ်းတွေ ဖြောင့်နေဖို့
မင်းအရိပ်တွေ မင်းအပေါ် ...။
အမှန်တရားကို မြတ်နိုးတဲ့မင်း
ထစ်ခနဲရှိ ပေါက်ကွဲလိုက်ရမှ
မတရားတာတွေ့ ရင် ငြိမ်မနေတတ်တဲ့စိတ်
အခုတော့ တိတ်တိတ်လေးပုန်းနေကြပြီနော်
ဆိုးတယ်၊မိုက်တယ်ဆိုတာ
မင်းရဲ့ခဏတာထွက်ပေါက် မဟုတ်မှန်းသိတော့
အခုသည်းခံစိတ်တွေ မွေးနေပြန်ရောပေါ့
ဘယ်လိုပဲဖြစ်ဖြစ် မင်းရွေးချယ်မှုကို
နောင်တမရစေလိုတော့ဘူး
စိတ်ကောင်းရှိတဲ့ မင်းအတွက်
မေတ္တာဆိုတာ အလျား၊အနံမရှိပေမယ့်
အသွားအပြန်ရှိတယ်ဆိုတာ ...။
သွားပါ သူငယ်ချင်း
အတောင်ညောင်းလာရင် ခဏနားလိုက်ပါ
အလျော်အစားတွေများတဲ့ ဘ၀ထဲမှာ
မင်းလျှော်ဖွတ်စရာတွေ ထည့်ပေးလိုက်
နောက်ဆုံးလက်ကျန်သွေးတစ်စက်ထိ
အပြာရောင်မျှားတစ်စင်း ကောင်းကင်မှာလင်းလက်နေမယ်လို့
မနေ့ကမနက် နေအထွက်မှာ
မင်းရင်ဘတ်လေးက ငါ့ကိုပြောခဲ့သေးတယ် ...။
အရှုံးပေးလို့မကောင်းတဲ့အရာထဲမှာ ဘ၀ဆိုတာ
ထိပ်ဆုံးကပါတယ်ဆိုတာ လက်ခံတယ်ဆိုရင်
မင်းအခု ကောင်းကင်ကိုမော့ကြည့်လိုက်
အသက်ကို ဖြေးဖြေးခြင်းရှိုက်
လေပြေတွေ မင်းကိုတိုက်ခတ်လာလိမ့်မယ်
မင်းစိတ်ထဲရှိသလောက် ရင်ဘတ်ထိရောက်အောင်
အဲဒီလေတွေကို နမ်းရှိုက်လိုက်
ပြီးတော့ ... .... ....
မင်းရယ်သံတွေ ငါကြားရလောက်တဲ့အထိ
ဟားတိုက်လိုက်စမ်းကွာ ... ... ... ။
တင့်ထူးရွှေ
A Message From Western Bank of River
A Message From Western Bank of River
မင်းစွန့်သွားရာဒီမြေမှာ
အရင်လို အုတ်ကြားမြက်ပေါက်တွေ မင်းမူတုန်း
အေး၊ ဒါပေမယ့် ကိုယ်တို့ရွက်ကျပင်ပေါက်တွေကလည်း ရှင်သန်တုန်းပဲ
မင်းတစ်လမ်းစာ သာရုံနဲ့ လိပ်ပြာသန့်သင့်နေပါပြီ
ဒီမြေမှာ နေ၀င်လို့ ဘယ်သူမှ မင်းကို အပြစ်မတင်ဘူး
ဒီအနောက်ဘက်ကမ်းမှာမှ အရွက်ကျခဲ့တဲ့ကောင်တွေပဲကွာ
အပင်မပေါက်ချင်သော်လည်း အမြစ်တွယ်ခဲ့ပြီမို့
ညည်းချင်းမချတော့ဘူး ကိုယ့်လူရေ…
များများပြောခွင့်မရှိလို့လား ဒီမှာတော့ များများတွေးကြတယ်
ရှင်သန်နေတာကိုသတိရဖို့ နာရီနဲ့ နေ့စွဲတွေမှတ်ကြတယ်
မြောက်လေအလာကိုစောင့်ကြတယ်
ဘာလို့လဲသိလား… ဒိထက်ကောင်းတာ လာဖို့မရှိလို့ပေါ့ ငတုံးရဲ့
ကြယ်ကြွေကိုလည်းမစောင့်ဘူး
ရွက်ကြွေကိုလည်းမကောက်ဘူး
အိပ်မက်ဆိုတာ အိပ်ပျော်သူတွေသာမက်ခွင့်ရတာကလား
သက်ပြင်းချရင် အသက်တိုတတ်သတဲ့
သူလိုငါလိုအပင်တစ်ပင်ပျောက်သွားရင် ဒီမြေနည်းနည်းပေါ့သွားရှာမလား
ဒါနဲ့ လူကြုံရှိရင် အရှေ့ဘက်ကမ်းက
ငြိမ်းချမ်းရေးသံလွင်တစ်ခက်လောက်ပို့လိုက်ပါ
Honey
ကဗျာလေးကို ပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ ဒီနေရာကနေ ကူးယူဖော်ပြတာပါဗျာ ။
ငါတို့ အတောင်ပံခတ်သံဟာ ကဗျာနံရံကိုရိုက်ခတ်..
ငါတို့ အတောင်ပံခတ်သံဟာ ကဗျာနံရံကိုရိုက်ခတ်..
သံယောဇဉ် အမျှင်အတန်းအားလုံး
အ၀မှာ ချိတ်ဆွဲထားခဲ့တယ်
ရှည်ရင်ရှည်မယ် ၊ပုရင်ပုမယ်
ပိန်ရင်ပိန်မယ် ၊၀တာရှိမယ်
ဒါပေမယ့်
အကုန်လုံးက တစ်သားတည်းပဲ
နေရပ်ကိုလွမ်းမယ်
တစ်ယောက်သောသူကို သတိရမယ်
ငါတို့လည်း နှလုံးသားနဲ့ပဲ
တစ်ယောက်မကောင်း အများကို ငါတို့လဲမကြိုက်ခဲ့ဘူး
နောက်တစ်ခါ မမှားမိဖို့ ကိုယ်ပိုင်အသိရှိခဲ့ကြတယ်
ကိုယ်နေရာ ၊ကိုယ်စားပွဲ၊ကိုယ်ကုတင်
တစ်ကိုယ်ရေကအစ
ကိုယ့်စိတ်ဓါတ်တစ်ခုလုံး
သန့်ရှင်းသပ်ရပ်ဖို့
အစစ လေ့ကျင့်ယူရတာပဲလေ
သူလုပ်ရင် ကိုယ်လဲလုပ်နိုင်ရမယ်
ဒါပေမယ့်
သူလဲရင် ကိုယ်ထူလို့
ကိုယ်လဲတော့လဲ သူတို့တွေကထူမတယ်
အုံနဲ့ကျင်းနဲ့မေတ္တာတွေ
အစားထိုးပြန်ရတယ်
မိုးရွာတယ် ၊နှင်းကျမယ်
ရာသီဥတုကတော့ အစိုးမရဘူး
လုပ်ရမယ့် အလုပ်ကိုတော့
နေ့စဉ်နေ့တိုင်း ရွတ်ဆိုပြဌာန်းတယ်
အသက်နဲ့ ရင်းရမယ့် စွန့်စားမှု့ အတွက်
ကိုယ့်အသက်ကိုယ် ရှာကျန်မွေးရတယ်
မသေဆေးတွေကို မြိုမြိုချခဲ့ရ
ဒီလိုနဲ့ပဲ..
ကျောင်းတော်သာရဲ့ အရပ်မှာ
ချယ်ရီတွေအထပ်ထပ် ပွင့်ကြပြန်တယ် ။
ဘ၀ဘ၀တွေထဲ တိုးဝင်မိခဲ့ကြပြီ
အဆင်မပြေမှုတွေကို ကြံ့ကြံ့ခံရပ်တည်ခဲ့ကြသလို
ဝါးလုံးသိမ်းရိုက်ချက်တွေအောက်မှာ
အများတကာရဲ့ ဗီလိန်မြင်ကွင်းထဲ
ကိုယ်ကျင့်နဲ့ ပညာကိုလက်ဆွဲလို့
ငါတို့ထွန်းလင်းကြပါစို့
ချစ်တတ်ပါစေ၊ ချစ်တတ်ပါစေ
ရင်ခွင်တစ်ခုလုံး ထစ်ချုန်းအောင်
အကြိမ်ကြိမ် ရွတ်ဆိုမိတယ်
မြစ်တစ်စင်းမှာ လက်ပစ်ကူးချင်ရင်
အဲဒီမြစ်ရဲ့ ရာဇ၀င်အကြောင်း
အဆိုးအကောင်းကိုတော့ သိသင့်ပါတယ်
နားရွက်တစ်စုံရှိပါရဲ့ နဲ့
ကျန်တဲ့တစ်ဖက်ကို ပိတ်ဆို့ထားရတဲ့အခါ
ငါတို့ "အကြား" ဟာ တရားတယ်လို့ ဆိုနိုင်မလား
မျက်ဝန်းတစ်စုံရှိပါရဲ့ နဲ့
ကျန်တဲ့တစ်ဖက်ကို ဖုံးကွယ်ထားရတဲ့အခါ
ငါတို့ "အမြင်" ဟာ ကြည်လင်တယ်လို့ ဆိုနိုင်မလား
နေ့နဲ့ညရဲ့ အကူးအပြောင်း
အရုဏ်ဦးရဲ့ တေးသွားအလှမှာ
သံပြိုင်လိုက်ဆိုကြဖို့ သိပ်လွယ်ပါတယ်
လူတစ်ယောက်ရဲ့ အတွေးအမြင်ကူးပြောင်းခြင်းမှာတော့
ဟိုးရှေးရှေးတုန်းကနေ အခုချိန်ထိ
အမည်တပ်စရာ ခေါင်းစဉ်များစွာဟာ
အသစ်အသစ်တွေနဲ့ မွေးဖွားလို့ကောင်းတုန်း
အလှဆုံးအပြုံးတစ်ပွင့်မှာ
လျှို့ဝှက်နက်နဲနေဖို့ မလိုပါဘူး
ရိုးရှင်းသန့်စင်နေဖို့ပဲ လိုပါတယ်လေ
အမြင်မတူရင် ရန်သူတဲ့လား
ပညာရှိကြီးများခင်ဗျား
အဲဒီလို..
အပေါ်စီးကနေ ပြုံးပြုံးကြီး မကြည့်ကြပါနဲ့
ခင်ဗျားတို့ စီးသွားမဲ့ ဖိနပ်တစ်ရံမှာ
ဘယ်တော့မှ မပြတ်တဲ့ သဲကြိုးတစ်စုံဟာ
ကျွန်တော်တို့ ရင်ထဲမှာငုံနေတဲ့ သစ္စာတရားပါဗျာ။
တွေးခေါ်နိုင်တဲ့ဦးနှောက်နဲ့
ဆိပ်ကမ်းကနေ ကြိုးဖြည်ခဲ့သူများ
လေရဲ့တိုက်ခတ်ပုံအကြောင်း
ရွေ့သွားတဲ့ လှေငယ်ရဲ့ ဦးတည်ချက်မှာ
ဘယ်အရပ်ကို ဆိုက်ကပ်သွားမယ်ဆိုတာရယ်
မြေပုံနဲ့ ကွန်ပတ်
ငါတို့ခြေထောက်တွေကို
ဘယ်လိုတန်ဖိုးဖြတ်မယ်ဆိုတာရယ်
ခဏခဏအစာကြေနေတဲ့အတွက်
ဘယ်မှာပဲနေနေ ၊ရွက်လွင့်နေမိမှာပါ
ဝေးကွာလွမ်းဆွတ်ရလွန်းတဲ့အခါ
ကိုယ့်အသိုက်အမြုံလေးကိုတော့
စိတ်ထဲကနေ ပျံမိနေတတ်တာပေါ့
အသက်ရှူရတာချင်းအတူတူ
ငါတို့ပုခုံးတွေက ပိုလေးတယ်လို့
သတ်မှတ်ချက်တွေနဲ့ ဘောင်မခတ်ပါဘူး
ငါတို့ရှူသွင်းခဲ့တဲ့လေထဲမှာ
အဆိပ်တွေလည်း ပါနိုင်ပါတယ်
ငါတို့မရေးခဲ့ရတဲ့သမိုင်းထဲမှာလဲ
ခြေပြတ်လက်ပြတ်၊အစာငတ်
အသက်သွေးချွေးတွေနဲ့ ရေးခဲ့ကြလို့
အခုလိုရွှတ်ဆိုခွင့်ကို ရကြတာပေါ့
ရွတ်ဆိုနေကြ အပိုင်းအစကိုတော့
နှုတ်ဖျားမှာ စာလုံးမပေါင်းတော့ဘူး
ရင်ထဲကနေ အခါခါ ကျင့်သုံးရွတ်ဖတ်ကြမယ်
ဥဒါန်းတွေချွေ…..
ကြယ်တွေကြွေကြ….
သစ္စာဆိုတဲ့ ဂုဏ်ဒြပ်
မြင့်မြတ်တဲ့ ကိုယ်ကျင့်တရားကိုတော့
မေ့ထားလို့မရဘူး
ဘယ်လိုပဲ အသက်ရှင်နေရပစေ
လူတစ်ယောက်ရဲ့ ဘ၀မှာတော့
ငါတို့ လူပီသအောင် နေတတ်သေတတ်ရဦးမယ်။
တင့်ထူးရွှေ+ ညိမ်းညို
(အွန်လိုင်းဗားရှင်း)
ကာလနဂါး
အရေးတစ်ကြီး နိုးထစရာမလိုဘူးဆိုရင်
ငါ ဆက်ပြီး အိပ်နေချင်လို့ပါ
"ဘ၀" ဆိုတာနဲ့ ဘာလို့ "ရှင်သန်ခြင်း" လို့
အဓိပ္ပါယ် ဖွင့်ဆိုရတာလဲ
ငါကတော့ အိပ်နေရတာကိုပဲ ကြိုက်တယ်
ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့
ငါလည်း တောက်လျှောက်ကြီး မကောင်းနိုင်ဘူးပေါ့
သံပတ်ခပ်လျော့လျော့နဲ့ပဲ နေတတ်တယ်
လေ့ကျင့်ခန်းမှန်မှန်လုပ်မှ
ပထမ ရမယ်ဆိုရင်
ငါ ရှင်ဘုရင်တောင် မဖြစ်ချင်ဘူး
ကျေးဇူးပြုပြီး
ငါ့ကို "သောက်ရူး" လို့ခေါ်ပါ
မမြင်ချင်တာတွေ အားလုံးအတွက်
မျက်စိသေးသေးလေး နှစ်လုံးကိုပိတ်ထားလိုက်ရုံပါပဲ
ဟော ငါဘယ်လောက်လိမ္မာတဲ့ကောင်လဲကွယ်
ဟောဒီ သောက်ရူးမှာ
ယဉ်ကျေးမှု ထွန်းကားပါတယ်
ငါ့ဆီ ဂုဏ်ပြုဖိတ်စာပို့ဖို့မလို
ငါ့လိပ်စာ ငါမသိ
ငါ့အုတ်ဂူကိုလည်း မင်းတို့
အလေးပြုဖို့ အကြောင်းမရှိပေဘူး
အို မိတ်ဆွေတို့ .....
နိုင်ငံကြီးသား အပေါင်းတို့ 
သွေးနဲ့ ကိုယ် သားနဲ့ကိုယ်
မှားယွင်းကြ
ပက်လက်မျောဖို့အတွက်
တံတွေးခွက်ကြီးကြီးလိုက်ရှာကြ
ငါကတော့
စောင်ထူထူကို ခေါင်းမြီးခြုံ
ကိုယ့် ကိုယ်ကျင့် ကိုယ်
စိတ်လုံလုံနဲ့ အိပ်တယ်
နိုင်ငံကျော်တွေအားလုံးကို သနားတယ်
မင်းတို့ ငါ့လောက်
ဘယ်သူမှ အိပ်ရေးမ၀ခဲ့ကြပါဘူး.......။ ။
မင်းခိုက်စိုးစန်
ကဗျာခေါင်းစဉ်လည်း မမှတ်မိတော့ပါဘူး။ ကဗျာဆရာလည်း ၀ိုးဝိုးဝါးဝါးပဲ ။ ဆရာ မင်းခိုက်စိုးစန်ဖြစ်မယ်ထင်တယ် မသေချာပါဘူး။စိတ်ညစ်တိုင်း ထုတ်ဖတ်ဖြစ်တဲ့ ကဗျာတစ်ပုဒ်ပါ ... ။ တစ်ခုခုတော့ ကျန်ခဲ့မယ်ထင်လို့ ............။
ကဗျာခေါင်းစဉ်နဲ့  ကဗျာဆရာကိုပြောပြပေးတဲ့ ညိမ်းညို ကို ကျေးဇူးတင်ပါတယ်ဗျာ။


