သတိပေးခြင်း

ပြောလိုက်စမ်း
ဒီရင်ဘတ်ကို
ပျစ်ပျစ်နှစ်နှစ်၊

ဆဲလိုက်စမ်း
ဒီရင်ဘတ်ကို
ပက်ပက်စက်စက်၊

ကန်လိုက်စမ်း
ဒီရင်ဘတ်ကို
စိတ်ရှိလက်ရှိ၊

ထွေးလိုက်စမ်း
ဒီရင်ဘတ်ကို
'ထွီ' ကနဲ၊

မင်းတို့နင်းဖို့
ဒီရင်ဘတ်ကို
ခင်းပေးထားတာလေ၊

မလုပ်နဲ့
ဒီရင်ဘတ်ထဲက
သစ္စာတရားနဲ့
အနုပညာကို
ယောင်လို့တောင်
မစော်ကားနဲ့
ပြာဖြစ်သွားမယ်။ ။

ကြယ်ကြွေခဲ့ရင်

ဟိုမှာဘက်က အလင်းရောင်တွေ
ပြိုးပြိုးပျက်ပျက် ၀င်းလက်လို့
သံစဉ်တစ်ပုဒ်ရဲ့ တေးသွားအစဟာ
လူးလူးလွန့်လွန့်နဲ့ နိုးထ
ကောင်းကင်ရဲ့ လက်တစ်စုံနဲ့
ထူမနေတဲ့ ငါ့နှလုံးသားက
တဖြည်းဖြည်းနဲ့ ငိုက်ငိုက်ကျ
အကျည်းတန်မှန်တချပ်နဲ့ အပိုင်းအစတွေ
ရင်ထဲမှာ နွေးထွေးလာပြီ၊

လမ်းခွဲမှာမှ ထုဆစ်ခဲ့တဲ့အညိုးတွေက
သဲသဲမဲမဲနဲ့ ရွာလို့ကောင်းတုန်း
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့လက်တွေကိုတော့
အခုထက်ထိ မဖြည်မိသေးဘူး
ရာသီစက်ဝိုင်းတွေ အတွေးလွန်နေတဲ့
ပန်းချီကားဟာ မှော်မအောင်ခဲ့ဘူး
တောင်တန်းတွေရဲ့ အနားသတ်ဟာ
ငါ့ခြံစည်းရိုးဖြစ်မှတော့
ငါ့ဝိညာဉ်ကို ပြန်မခေါ်ချင်တော့ဘူးလေ
ဌက်ကလေးရေ ... ... ...
လောကကြီးကို အလှဆင်ပါ
တောင်ပေါ်မှာ ခေါင်းလောင်းထိုးတဲ့အထိပေါ့ ...။ ။

တစ်ရေးနိုးပါပြီ ... ...

ဝါးးးးးးးးးးးးးးး ခုမှပဲ တရေးနိုးတော့တယ်လို့ မထင်ပါနဲ့ဗျာ ... ။ မအိပ်ရတာ ၃ ရက်ရှိပါပြီ ...။ ကိုယ့်ဘာသာ တန်းပလိတ်ကို ကလိနေတာပါ ...။ ကလိလိုက် မကြိုက်လိုက်၊ ပြန်ကလိလိုက်နဲ့  ခေါင်းတွေလဲ မူးပြီး ကီးဘုတ်ဖက်ဖက်ပြီး အိပ်ပျော်သွားတာ မနက်လင်းတော့မှ ကသုတ်ကရုတ်လေး ကျောင်းပြေးတက် ပြန်လာရင် ထပ်ကလိလိုက်နဲ့ ဟိုဟာ ဒီဟာလေးတွေလဲ လုပ်ရသေးတယ်ဆိုတော့ ဘလော့ကို ပစ်ထားသလိုဖြစ်သွားတယ် ဟတ် ဟတ်။ ခုတော့ ပြီးသလောက်ရှိသွားပါပြီ။ ထပ်ပြီးတော့လည်း မကလိချင်တော့ဘူးဗျ။ ခေါင်းရှုပ်လို့။ အရောင်တွေလည်း သိပ်နားမလည်တော့ အဆင်မပြေတာရှိရင် ပြောသွားကြပါဦးဗျာ ... ... ... ။ ဆိုက်ဘားမှာ ဟိုဟာထည့် ဒီဟာထည့် မကြိုက်ရင် ပြန်ဖြုတ်နဲ့ နောက်ဆုံးတော့လည်း ဒီအတိုင်းထားတာ ကောင်းပါတယ်ဆိုပြီး ဒုံရင်း ဒုံရင်းဖြစ်သွားရော ... ကော်လံသုံးခု ထည့်ကြည့်တော့လဲ ကိုယ့်ဘာသာ မကြိုက်နဲ့ တော်တော်လေး ပေါက်ကရကလိလိုက်ပါတယ်...။ ခုတော့ ထပ်မကလိတော့ပါဘူးဗျာ ... ... ...။ အဆင်မပြေတာ ရှိရင်လည်း အကြံပေးသွားကြပါဦးနော့ ...။ ကျွန်တော့်ဆီ လာလည်တဲ့ သူငယ်ချင်း အစ်ကို အစ်မတွေကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။ပိုစ့်အသစ်တွေ တင်ပါတော့မယ် ... ... ...။ အားလုံးပဲ ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေကြပါစေဗျာ ... ... ... ။

တစ်ရေးအိပ်ဦးမယ်

လူဆိုတာ ငယ်ရာကနေကြီးလာတာဆိုတဲ့
စကားကို ငါလည်းသေချာနားမလည်သေးပါဘူး
အဲဒီတော့ ငါတို့ဟာပေါက်စနလေးတွေပေါ့
ဒီကောင်လေးတွေရဲ့ အဆိပ်ကိုဆေးဖော်ဖို့
မင်းတို့ကမှ မကြိုးစားကြတာလေ
ငါတို့ကတော့ လေလှိုင်းထဲမမျောတတ်ဘူး၊
မင်းတို့ရဲ့ ကမ္ဘာကျော်မယ့်အတွေးတွေကို
ပေလယျကန် ပိတ်ကန်လိုက်စမ်းပါ
လူတိုင်းတွေးတတ်တဲ့ စိမ်ပြေနပြေတွေကို
ငါလည်း ထမင်းလုံးစီတတ်ပါတယ်
အလိပ်လိုက်တက်လာတဲ့ အာဃာတတွေနဲ့တော့
မေတ္တာလည်း စွမ်းမယ်မထင်ဘူး၊
မုန်းတယ်လို့ပြောတတ်ရုံတော့
အထက်စီးကပဲ အပြုံးခံရမှာပေါ့
စကားလုံးတွေနဲ့ ပစ်ပေါက်တမ်းကစားကြရင်တော့
ငါ့ကိုမခေါ်ပါနဲ့ကွာ ငါပျင်းလွန်းလို့ပါ
မင်းတို့ရဲ့ ဆိုင်းဘုတ်ကြီးတွေကိုဖတ်ဖို့လဲ
ငါ့အတွက် အချိန်မရှိပြန်ဘူး၊
အချိန်မတင်ခင်တော့ ကျောခင်းချင်ခင်းမယ်
မိုးစွန်တမွတ် ကြယ်ကိုဆွတ်ဆိုတာ
ပထမတန်းမှာ ငါလည်းဖတ်ဖူးပါတယ်
သေချာတာတော့ ပိုးဖလံမျိုးတွေကို
အမေမခေါ် ခေါင်းဆောင်မတော်နိုင်သေးဘူး၊
'ဗေထိ'ဆိုတာနဲ့ လိုက်ကရအောင်
ငါက ဇာတ်ရူးမှမဟုတ်တာလေကွယ်
မင်းတို့ မင်းသား၊မင်းသမီးလုပ်တဲ့ပြဇာတ်ပြီးရင်တော့
ငါ့ကိုနှိုးပါ ... ... ...
ငါ တစ်ရေးအိပ်ဦးမယ် ... ... ... ။ ။

ချစ်သူသို့ အိတ်ဖွင့်ပေးစာ

ကိုဝေရေ ကျွန်တော် အိတ်ဖွင့်ပြီနော် ... ... ...

ချစ်သူ ... ... ...

မင်းဟာ အချစ်ဆုံးလား ... အချစ်ဟောင်းလားတော့ သေချာမသိဘူး။ သေချာတာကတော့ ငါ မင်းကိုချစ်တယ်။ အချစ်ဆိုတာကို အဓိပ္ပါယ်ဖွင့်ခိုင်းရင်လည်း ငါမပြောတတ်ပြန်ဘူး။အချစ်ဆိုတာက မင်းလေ ... မင်းကိုဘာလို့ချစ်လဲဆိုရင်တော့ ငါ့အတွက် ပြောပြစရာတွေ အများကြီးပေါ့ကွာ ... မင်းရဲ့ ဆံပင်ရှည်ရှည်တွေ၊ မင်းရဲ့ သန့်စင်တဲ့အပြုံးတွေ၊ မင်းရဲ့ နားလည်တတ်မှုတွေ၊ မင်းရဲ့ ... ... ... ၊ မင်းရဲ့ ... ... ...၊ မင်းရဲ့ ခြေသည်းလေးတွေက အစပေါ့ကွာ ...။ ငါပြောပြရင်တော့ ခန္ဓာဗေဒပညာရှင်တွေ ရူးသွားလောက်မယ်ထင်တယ်။ ဒါတောင်မင်းရဲ့ ကြင်နာတတ်တဲ့စိတ်နဲ့ ချစ်စရာအပြုအမှုတွေ မပါသေးဘူးနော်။ ငါ မင်းကို ချစ်ပါတယ် ချစ်သူရယ်။ ဒါပေမယ့် ... ... ...

ဘ၀ဆိုတာကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြတဲ့ အတွေးအခေါ်ပညာရှင်တွေရဲ့ လေလှိုင်းတွေကြားမှာ မင်းရုန်းမထွက်နိုင်သေးဘူးနော်။ နှစ်ယောက်တစ်အိမ်မက်ဆိုတဲ့ဘ၀ကို လက်တွေ့ မက်ချင်တဲ့မင်းအတွက် အချိန်တွေကို မှတ်ကျောက်တင်ပြရမှာလား ချစ်သူရယ်။ တို့နှစ်ယောက်သွေးတွေနဲ့ စီးဆင်းမဲ့အနာဂါတ်မှာ ရုပ်ဝတ္ထုတွေကိုထည့်မတွက်သင့်ဘူးလေ။ အရာရာတိုင်းကို သချာင်္ပညာနဲ့ ကြည့်မယ်ဆိုရင်တော့ ငါလိုကဗျာရူးတစ်ယောက်အတွက် မင်းအတွက်အဆင်သင့်ရှိနိုင်တာ ငါ့ရဲ့ရူးသွပ်မှုတွေပါ ...။ မျိုးဆက်တွေအတွက် မင်းလိုကြိုတင်မတွေးတတ်တာတော့ ငါဝန်ခံပါတယ်။ ဒါပေမယ့် ချစ်သူရယ် ငါတို့လက်တွေခိုင်ခိုင်မြဲနေဖို့ လိုတယ်လို့ပဲ ငါထင်ခဲ့တာလေ ...။ ဟင့်အင်း ... တကယ်ဆို ငါတို့ဝေးသွားကြဖို့ မလိုအပ်ဘူးနော် ... အခုတော့ အခုတော့

အလွမ်းတွေကို စာဖွဲ့ဖို့လောက်လဲ ငါမှာခံနိုင်ရည်မရှိပြန်ဘူး ...။ မင်းအကြောင်းတွေးမိတိုင်း တဆတ်ဆတ်နဲ့ နာကျင်လာတဲ့ ငါ့နှလုံးသားရယ်၊ ခံစားမှုတစ်ခုအတွက် ကျလာတဲ့ ငါ့မျက်ရည်တွေကတော့ ငါ့အချစ်ရဲ့ သက်သေပေါ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ချစ်သူရယ် ဒီနေ့က မင်းရဲ့မွေးနေ့နော် ... ငါ့အပေါ်နားလည်ပေးခဲ့တဲ့ ချစ်သူတစ်ယောက်ကို မွေးဖွားပေးတဲ့ လောကကြီးကို ကျေးဇူးတင်ပါတယ်လေ ...။ ချစ်သူရေ မင်းအတွက် ငါလက်ဆောင်ပေးနေကြ မင်းမလိုချင်တော့တဲ့ ကဗျာတစ်ပုဒ်ပေါ့ ... မင်းမရှိတဲ့နောက်တော့ ငါ့ကဗျာတွေကလည်း မလှပတော့ဘူး ချစ်သူရေ ... ငါကတော့ ကဗျာတွေ နုပျိုလာမယ့်အချိန်တွေ မျှော်နေမိတုန်းပဲ ... ... ...


ကော်ဖီတစ်ခွက်ရဲ့ တမ်းချင်း

ကော်ဖီတစ်ခွက်ရဲ့ ဖြစ်တည်မှုမှာ
ဘာတွေကို ထပ်ပြီးမော့သောက်ရဦးမှာလဲကွယ်
မင်းစိတ်တိုင်းကျ ခါးလို့ချိုလို့ရတဲ့ ဒီဘ၀ကို
ဘာလို့များရက်ရက်စက်စက် မွှေနှောက်နေသေးတာလဲ
အပေါစား လက်ဖက်ရည်ဆိုင်ရဲ့ ကော်ဖီတစ်ခွက်ဟာ
မင်းအတွက်တော့ ရောင်းတန်းဝင်မဟုတ်နိုင်ဘူးလေ
ဒါပေမယ့် ... .... ....
ငါဟာ မင်းအတွက် ကော်ဖီတစ်ခွက်ပါ
မင်းသောက်ချင်လည်း သောက်
မှောက်ချင်လည်း မှောက်ပေါ့ကွယ်
မင်းနှုတ်ခမ်းဖျားနဲ့ ထိတွေ့ မယ့်အချိန်ကိုသာ
ရူးရူးမူးမူးနဲ့ မျှော်နေမိတာပါ ချစ်သူရယ် ... .... ...။ ။

ဘယ်လောက်ပဲဝေးဝေး ငါတို့ရဲ့စိတ်ခြင်း အမြဲတမ်းနီးနေတယ်ဆိုတဲ့ ချစ်သူရေ ... မင်းမွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေ... ... ... ။ မင်းအတွက် ငါ ဆုတောင်းပေးနေမယ် ... တိတ်တိတ်လေးပဲ ချစ်သူရယ် ... ... ... ။ ။

အပြာရောင် မြှားတစ်စင်း

နှင်းမြူတွေ ဝေ့သီဝေ့သီ ... ရာသီဥတုက အေးစက်စက် မိုးစက်လိုလို နှင်းပေါက်တွေက တဖျောက်ဖျောက် ။ ၀ိုးတ၀ါးအလင်းရောင်က လင်းတလှည့် မှိန်တလှည့် ... နှလုံးသားရဲ့ ဟိုမှာဘက်ကမ်းမှာတော့ ပိန်းပိတ်အောင်မှောင်လို့ ..... ကြယ်စင်တွေရဲ့ ကကြိုးတွေကတော့ မပီမပြင်နဲ့ ဘ၀ကို ရေးရေးလေး လှမ်းမြင်နေရတယ် ... ။ ကျောက်ဆောင်တွေနဲ့ ဒီရေတို့ရဲ့ အနမ်းကို ပင့်သက်ရှိုက်ပြီး ကြည့်လိုက်မိရင် လရိပ်ပဲ ပျောက်ကွယ်သွားမလား ...။ တိမ်ညိုတွေ မဖုံးပေမယ့် ကောင်းကင်ကြီးက မသာယာဘူး ရယ်သံတွေက အက်ကွဲကွဲ ... ။ ၀ါရော်ရော် သစ်ရွက်တွေဆီက လှုပ်လီလှုပ်လဲ့နဲ့ ရေစက်တွေ ကမ္ဘာမြေရဲ့ ဆွဲအားကို အံတုနေကြပြီ ... ။ မြက်ပင်တွေကတော့ လေယူရာ တိမ်းလို့ ညရဲ့လေပြေမှာ ယိမ်းသွဲ့သွဲ့ ... .... ... ...

ဟိုးအဝေးက မြစ်ကမ်းဘေးတနေရာမှာတော့ လူတစ်ယောက် ... ... ... အရပ်ရှည်ရှည်၊ ဖောသွပ်သွပ် ကိုယ်ခန္ဓာ၊ မျက်လုံးများက ရီဝေေ၀ တနေရာကို ငေးစိုက်ကြည့်နေရင် တခြားဘာကိုမှ မမြင်တော့သလိုမျိုး ... ... နှုတ်ခမ်းတွေက အမြဲတမ်းစေ့ထား၍ ထီမထင်သော အပြုံးက ပီပီသသကြီး တွဲခိုလို့  ... နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတို့က စိမ်းဖန့်ဖန့် မြင်တွေ့ နေကြ ယောက်ကျားင်္ဆန်သော ယောင်္ကျားတစ်ယောက်ထက် ဘာတစ်ခုမှ မပို .. ... ... ။

နှစ်နှစ်ခြိုက်ခြိုက်သောက်သုံးလာတာ ကြာလာတော့ စီးကရက်မီးခိုးတွေက ခန္ဓာကိုယ်ကို အထပ်ထပ်ရစ်ပတ်လို့ ... ... ကျန်ခဲ့တဲ့ ဟိုးအတိတ်က အရိပ်တွေကို ကောက်သင်းကောက်ကြည့်မယ် ... ရွတတ ကျွတ်ဆတ်ဆတ်ဘ၀ကို သေမင်းနဲ့ လောင်းကြေးထပ်သလိုမျိုး စနစ်တကျပြုလုပ်ထားတဲ့ အန္တာရယ်တွေကို အထပ်ထပ်ချိုးဖောက်လို့ ... ... ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့သူတွေကို မျက်စိထဲမတွေ့တိုင်း ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း စိတ်မြန်လက်မြန်နဲ့ တုံ့ပြန်ခဲ့... ... ဒီလိုနဲ့ ဘ၀ရဲ့ဒဏ်ရာတွေကို ပခုံးထက်မှာ ထမ်းပိုးလို့ ကံကြမ္မာလမ်းကို လေးတိလေးကန်နဲ့  လျှောက်လှမ်းတုန်း ... ... ...

ကောင်းကင်ကြီးကတော့ မိုးသားတွေ မကင်းစင်သေးဘူး ... ... တွေ့ ရာကြုံစားတယ်ဆိုပေမယ့်လဲ ဇာတ်တူသားကိုတော့ ရှောင်တယ် ... ... ခြေဦးတည့်ရာ လျှောက်ပေမယ့် သည်လမ်းနဲ့  သည်ခြေထောက်က အခုထက်ထိ သဟဇာတမဖြစ်သေးဘူး ... ... ခါးသက်သက်အရည်တွေက မကောင်းပေမယ့် စွဲစွဲလမ်းလမ်း သောက်ဖြစ်တုန်းပဲ ... ... စိတ်ရှိတိုင်း လုပ်ဖြစ်တာကိုပဲ ကိုယ့်ကိုကိုယ့် ကြံဖန်ကျေးဇူးတင်တယ် ... ... အဲဒီလိုနဲ့  လူတွေကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြတတ်လာတယ် ... ... စိတ်ဝိညာဉ်ရဲ့ အလှည့်အပြောင်းကို သေချာမသုံးသပ်မိခင်မှာ နယူတန်ရဲ့ တတိယနိယာမကို လက်ခံလိုက်တယ် ... အိပ်ပျော်အောင် ကြိုးစားရင် အိမ်မက်တွေကို ကြည်ကြည်ဖြူဖြူ မက်တတ်လာတယ် ... ... သိုးမည်းတွေရဲ့ ဥယျာဉ်မှာ အလွမ်းတွေရော အပြုံးတွေပါ ဝေေ၀ဆာဆာဖူးပွင့်ခဲ့ပြီ ... ... ... နွေဦးရဲ့တေးသံကို ဌက်ကျေးတွေနဲ့ အတူတူ လိုက်ဆိုတတ်လာပြီ ... ... ... နှလုံးသားကို တည့်တည့်လာတဲ့ ကျည်ဆံတွေကို ခေါင်းအုံးအိပ်တတ်ခဲ့ပြီ ... ... တစုံတရာအတွက်တော့ လေထဲမှာ ပြာတွေကို မျှားနေမိတုန်းပဲ ... ... ... မိုက်မဲရူးသွပ်မှုတွေကို ရိုက်ချိုးဖို့အတွက် မာယာတွေကို မက်မက်စက်စက် သောက်သုံးမယ် ... ... ... ဒါပေမယ့် ဒီရင်ဘတ်ထဲကိုတော့ အပြာရောင်မျှားတွေ တစ်စင်းပြီး တစ်စင်း အထပ်ထပ်စိုက်ဝင်လို့ သေအံ့မူးမူး ... ... ... ။

ကိုဇီးရိုးရေ ... ငါ ဘာကောင်လဲဆိုတာတော့ ရေးလိုက်ပြီဗျ ... ကိုယ့်အကြောင်းကိုယ် ရေးရင်တော့ ဘာတစ်ခုမှကောင်းတာမရှိဘူး ... ကိုယ်တိုင်က လူဆိုးဆိုတော့ အရင်ကလဲဆိုးတယ် အခုလဲဆိုးနေတုန်းပဲ နောက်လဲ မသေချာဘူး ... လူမိုက်တွေ ခေတ်ကောင်းနေတဲ့အချိန်မှာ မိုးခါးရေတော့ မသောက်ချင်သေးဘူးဗျာ ... ... ဘာမှမစဉ်းစားပဲ ထင်ရာမြင်ရာ လေဖမ်း ဒန်းစီးနေတဲ့ လူမိုက်တွေထက်တော့ လူဆိုးက ပိုကောင်းမယ်ထင်တယ် ... အဲဒါနဲ့ပဲ အဲလိုရေးလိုက်ပါတယ် ဟင် ဘာမှလဲဆိုင်ဘူး ... ဟတ် ဟတ် ဟတ် ... ... ... အဆင်ပြေမယ်ထင်ပါတယ် ... .... .... ။

ဒီတစ်ခါတော့ တစ်ယောက်လောက်ကို ဒုက္ခပေးလိုက်ဦးမယ် ... မောင်မျိုးရေ မင်းအကြောင်းလေး လုပ်ပါဦး ... အဆင်ပြေမယ် မဟုတ်လား ... .... ... ။ ။

ယုံတမ်း ယုံတမ်း ယုံတမ်း ....

မီးလေးက ယုံတမ်းစကားတဲ့ ... သူများတွေကလည်း အသီးသီးပြောသွားကြတာ ကိုယ့်အလှည့်ကျတော့ ဘာပြောရမှန်းကို မသိတော့ဘူး။ ကြားဖူးတာလေးပဲ ရေးလိုက်တော့မယ်ဗျာ။

နင့်ကို ချစ်တယ်...။

နင့်ကို အရမ်းချစ်တယ် ...။

ငါတို့တွေရဲ့ ဘ၀ကို အကောင်းဆုံးတည်ဆောက်ကြမယ်နော်...။

ဘုရားမှာ အမြဲတမ်းဆုတောင်းနော် အမြန်ဆုံးနီးရပါစေလို့ ...။

ညညဆို နင့်ကိုလွမ်းလွန်းလို့ ငါ့မှာမျက်ရည်နဲ့ မနက်မိုးလင်းခဲ့တာဆိုပဲ ... ( စကားလုံးတွေနဲ့ သေလို့ရတယ် )

နင်သာ ငါ့ဘေးမှာရှိရင် ဘာမဆိုရင်ဆိုင်ရဲပါတယ် ...။

နင့်ကို ချစ်လွန်းလို့ ချစ်တယ်လို့တောင် ပြောမထွက်ဘူး သိလားတဲ့ ...။

နင်သာ ငါ့ကို မေ့သွားရင် ငါ့ဘ၀ဘယ်လိုဖြစ်သွားမယ်ဆိုတာ မတွေးရဲဘူးတဲ့ ...။

တို့နှစ်ယောက် ဘ၀ဆုံးတိုင် မခွဲကြေးနော် ...။

အဟတ် ဆက်မရေးချင်တော့ဘူး ရေးရင်တော့ မနက်မိုးလင်းတောင် ပြီးမယ်မထင်ဘူး ..။ ကြားခဲ့ဖူးတဲ့ သူမရဲ့ စကားလေးတွေပါ ...။ ယုံတမ်းတွေပေါ့လေ ...။

မဲ့ပြုံး

မဲ့ပြုံး

လုပ်လိုက်ပေါ့ ကံကြမ္မာရေ
ငါက နတ်ဘုရားတွေကို
ဘယ်တော့မှ မော်ဖူးခဲ့တဲ့ကောင်မှ
မဟုတ်တာလေ ...

ပြုံးပါ ပျော်ပါ လိုအပ်ရင်
ငါတို့ရဲ့ အသွေးအသားတွေကို
ယစ်ပူဇော်ပါ
ခါးစောင်းတင်တဲ့အလုပ်လောက်က
ငါလည်း လုပ်တတ်ပါတယ်လေ

ကဲ ကဲ .....
ပြောနေတာကြာပါတယ်လေ
လောကကြီးရေ ...
ရော့ မင်းတစ်ခွက် ငါတစ်ခွက် ...။

ကျွန်တော် လတ်တလောဘယ်လိုမှ အားချင်ယောင်ဆောင်လို့ကို မရဘူးဗျာ.။ ဘာလို့လဲဆိုတော့ကာ အခုအချိန် အရမ်းသွေးအေးနေတယ်.။ ကျွန်တော် သွေးအေးနေရင် ကျွန်တော့်ကို ကျွန်တော်ကြောက်တယ်.။ မသိစိတ်ထဲက ဖြစ်ချင်နေတာတွေကို စိမ်ပြေနပြေထိုင်လုပ်မိတတ်လို့ပါ.။ လုပ်မိလိုက်ရင်တော့ ဘယ်လိုမှကောင်းတာတွေ ဖြစ်လာမှာ မဟုတ်တာ ကိုယ့်ကိုကိုယ်သိနေတော့ ဘာမှမလုပ်ပဲ လုပ်ချင်တာတွေ လုပ်နေမိတယ်.။ အဲ ရှုပ်ကုန်ပြီလား မသိစိတ်ရဲ့ လုပ်ချင်တာတွေ မလုပ်မိအောင် သိစိတ်ရဲ့လုပ်ချင်နေတာတွေကို လုပ်နေမိတာကို ပြောတာပါ။ ဟတ် ဟတ် ပိုဆိုးသွားပြီထင်တယ် ထားလိုက်တော့ဗျာ. နော့။ Tag ကြွေးတွေလည်း အများကြီးကျန်သေးတယ်။ ကျွန်တော့်ကို သတိတရရှိကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော်ရေးပါမယ် စိတ်ထဲမှာဘာခံစားမှုကိုမှ သွင်းလို့မရလို့ ဘာကိုမှမလုပ်ဖြစ်သေးတာပါ။ အရေးထဲမှာ အရာပေါ်ဆိုသလို ဌာနက အင်စပတ်တာကလည်း ခပ်စပ်စပ်လေးရိုက်ချလိုက်တာအကုန်လုံး ကျောကိုကော့ခံနေတယ်လေ ဟတ် ဟတ် ဟတ်။ သူငယ်ချင်းတွေ ညီအကိုတွေ မောင်နှမတွေအားလုံးကို သတိရတယ်ဗျို့ .။ အားလုံးပဲ အဆင်ပြေကြပါစေ။ သြော် မေ့လို့ ပို့စ်ခေါင်းစဉ်က မဲ့ပြုံးဆိုတာ ကျွန်တော်ဘာသာ ပြုံးနေတာနော် တော်ကြာ အကုန်လုံးကို ပြုံးပြတယ်ထင်မှာဆိုးလို့ အားလုံးကို ပြုံးပြချင်တာကတော့ မခို့တရို့လေးပါ ဟတ် ဟတ် ဟတ်။

အဆိပ်သင့်ကျောက်တုံးများ



မိုးပြိုမှ ဒူးနဲ့တိုက်ရဲတာလားကွာ
နီတိတွေ လာမရွတ်နဲ့
ဝေလေလေ ယောင်ဝါးဝါးတွေကို
ဖုတ်ဖတ်ခါထားတာ
ဆယ်စုနှစ်တစ်ခုကျော်ပြီ

ကလေးအတွေးတွေကို
အရသာခံပြီး ပြောပါ
ချစ်တတ်တဲ့သူတွေကို
အဆိပ်မခတ်မိစေနဲ့

ဓါးဆိုတာ ခုတ်တတ်ရတယ်
သွေးနေရုံကတော့ ပြတိုက်မှာပဲထား
ဘ၀နဲ့ရင်းရမဲ့ ဒီလမ်းမှာ
ဂါထာတွေ မန်းမှုတ်နေရင်တော့
ရေငတ်ပြီး အမောဆို့ရုံရှိမယ်

လုပ်နိုင်ရင် ရှေ့ကသွား
နောက်ကျောဓါးနဲ့ ထိုးမယ့်သူတွေကို
ရင်ဘတ်နဲ့ ၀င်ခံမယ့်သူတွေ
ရိုက်သတ်လို့ မကုန်ဘူး။

နေမ၀င်အင်ပါယာကြီးတောင်
ဒုံရင်း ဒုံရင်းဖြစ်သေးတာ
ကြုံးဝါးသံတွေကို လွှတ်ချပြီး
ရှေ့တစ်လှမ်း တိုးကြစမ်းပါ
နောက်မတွန့်ကြေးပေါ့

ကြောက်တတ်ရင်တော့ ဟိုတစ်ယောက်လို
ပြာတွေကိုပဲ မျှားနေလိုက်ဦး
ကိုးကွယ်မှု မှားနေသူတွေကို
မျက်စဉ်းခတ်ဖို့အတွက်တော့
ယုံကြည်ချက်တွေကို ရွက်လွှင့်ရဦးမယ်။ ။

ကမ္ဘာကြီးရဲ့ မေမေ

မာသာထရီဇာ


အမေ့ကြောင့် ကမ္ဘာကြီးငြိမ်းချမ်းခဲ့

အမေ့ကြောင့် ကမ္ဘာကြီးလှပခဲ့
အမေ့မျက်နှာ မြင်လိုက်ရင်ကို
ငြိမ်းအေးလွန်းပါတယ်လေ
အမေဟာ မေတ္တာ
အမေဟာ အေးချမ်းမှု
အမေဆိုတာ မြင့်မြတ်လွန်းပါတယ်
အမေ့အတွက် ဖွဲ့ ဆိုစရာ
စကားလုံး ဆင်းရဲလွန်းပါတယ်
အမေကြောင့် အမေတွေ
လူသားတွေရင်ထဲ ရောက်ခဲ့တာလေ
ကိုယ်ကျိုးစွန့်ပေမယ့်
ဘေးထွက်ဆိုးကျိုးတွေကြောင့်
တချို့ သူတွေကို အမေမခေါ်နိုင်ဘူး အမေ
အမေဟာ ငြိမ်းချမ်းခြင်းရဲ့အမေ
အမေဟာ အားလုံးရဲ့အမေ
အမေဟာ ကမ္ဘာကြီးရဲ့မေမေ။ ။

လွမ်းသောအရာ

လွမ်းသောအရာများဆိုလို့ ဘာကိုလွမ်းပါလိမ့်ဆိုလို့ ကျွန်တော့်ကို ကျွန်တော်ပြန်မေးကြည့်လိုက်တာ ဒီအလိုက်မသိတဲ့ကောင်က ပြန်ဖြေတယ်ဗျ။ ကျွန်တော့် ပါရမီဖြည့်ဘက်လေးကို လွမ်းပါတယ်တဲ့။ တယ်လေ နားရင်းပိတ်အုပ်လိုက်ရ အမှတ်ကိုမရှိဘူး :D နောက်တာပါ။ လွမ်းတာကတော့ အကုန်လုံးကိုလွမ်းတယ်ဗျာ။ သူများတွေက အစားအစာတွေပဲ လွမ်းတာဆိုတော့ကျွန်တော်လည်း အစားအစာလေးကိုပဲ လွမ်းလိုက်ဦးမယ်။ မ၀င်္ကပါနဲ့ မမွန်ရေ ကျွန်တော်လွမ်းပြီနော်။

ကျွန်တော်တို့ယောင်္ကျားလေးတွေ တော်တော်များများကတော့ အစားအစာအကြိုက်ကြီးရယ်လို့တော့ မရှိဘူးထင်တာပဲ.။ အတော်များများကတော့ ကြုံသလို ဖြစ်သလိုစားတာ များမယ်ထင်တယ်။ကျွန်တော်လည်း အဲလိုပဲဗျ။ ဘာကိုမှတော့ ခုံခုံမင်မင်စားတာမရှိဘူး။ ဗိုက်ဝအေးရောဆိုပြီး စားတာများတယ်။ ဒါပေမယ့် အခုအချိန်မှာ ဘာကိုစားချင်သလဲဆိုရင်တော့ အမေချက်ကျွေးတဲ့ ထမင်းနဲ့ ဟင်းဗျာ။ တကယ်ကြီးဗျာ တအားလွမ်းတယ် အရမ်းလည်းစားချင်တယ်.။ အပြင်ကပြန်လာလို့ အိမ်ကိုရောက်တာနဲ့ အမေကဆီးပြီး သားရေ ရေချိုး ပြီးရင် ထမင်းစားရအောင် ဆိုတဲ့စကားလေး အကုန်လုံးကြားဖူးမှာပါ.။ အမေ့ရဲ့ အဲလိုအသံလေးကြားလိုက်တာနဲ့ အပြင်ကဘာတွေပဲ စားလာ စားလာ ဗိုက်ကအလိုလိုဆာလာတာဗျ.။ ထမင်းဝိုင်းရောက်သွားလို့ကတော့ ဘာပဲချက်ချက် ခေါင်းမဖော်တမ်းစားတော့တာပဲ.။ ထမင်းစားရင်း အမေပြောတဲ့ စကားတွေကိုနားထောင်ရတာလည်း ဘာနဲ့မှမလဲနိုင်တဲ့ အရသာနော်.။ ကျွန်တော်က မိသားစုထမင်းစားတဲ့အချိန်ဆို မရှိတာများတော့ အမေက သူစားပြီးလဲ ကျွန်တော့်ဘေးမှာထိုင်ပြီး စကားတွေပြောတာလေ.။ တခါတလေ ကျွန်တော်အိမ်မှာရှိလို့ မိသားစုထမင်းလက်ဆုံ စားရင် အရမ်းကြည်နူးဖို့ကောင်းတာနော်.။ ဟင်းခွက်ကို အတူတူလက်လှမ်းမိတဲ့အခါ မိသားစုတွေ အချင်းချင်းပြုံးပြီး တစ်ယောက်ပန်းကန်ထဲ တစ်ယောက်ထည့်ပေးရတာလဲ မိသားစုထမင်းဝိုင်းတွေမှ တွေ့ ရတဲ့ ကြည်နူးစရာတွေပေါ့.။ အိမ်နဲ့ဝေးနေတဲ့ သူတွေအတွက်တော့ ဘာအကြောင်းတွေးတွေး လွမ်းစရာတွေပေါ့ဗျာ။ တခါတလေမှ အိမ်ပြန်ရတဲ့ ကျွန်တော်တို့တွေအတွက်ကတော့ အမေချက်တဲ့ မိသားစုထမင်းဝိုင်းကို အလွမ်းဆုံးပဲဗျာ။ ဒီရပ်ဝန်းလေးမှာနေထိုင်တဲ့သူတွေ တော်တော်များများလည်း အမေတွေချက်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို လွမ်းနေကြမယ်ထင်တယ်။ ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်က ဘယ်လောက်ပဲကောင်းပါတယ်ဆိုတဲ့ အစားအသောက်တွေကို စားနေရပေမယ့် အမေရဲ့ မေတ္တာနဲ့ချက်တဲ့ ထမင်းနဲ့ဟင်းလောက်တော့ ကောင်းမယ်မထင်ဘူး။

ကျွန်တော့်လိုပဲ အိမ်နဲ့ဝေးနေတဲ့သူတွေ အမေအိမ်ရဲ့ နွေးထွေးမှုတွေ၊ အမေချက်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို လွမ်းတဲ့သူတွေ အားလုံး အရာရာအဆင်ပြေပြေနဲ့ ပြီးဆုံးသွားတဲ့တနေ့ကြရင် အမေချက်ကျွေးမယ့် မိသားစုထမင်းဝိုင်းလေးကို အမြန်ဆုံးရကြပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။

ကဗျာမဟုတ်တဲ့ ငါ

ရင်ဘတ်ထဲက ချုပ်ရိုးတွေအကြောင်း
ရိုးရိုးလေးချရေးလိုက် ကဗျာတစ်ပုဒ်တဲ့
အဲဒီချုပ်ရိုးတွေပဲ ဖြည်ချရလွန်းလို့
ကဗျာတွေတောင် သွေးစက်လက်နဲ့
ဒီလိုဒဏ်ရာတွေနဲ့ ငါကိုယ်တိုင်လ
အလဲလဲ အကွဲကွဲ
ကဗျာဆိုတာ အလိုလိုထွက်လာတဲ့
နှလုံးသားရဲ့ သွေးစက်တွေ
ရင်ဘတ်ကြီးလဲ ပေါက်ကွဲထွက်
နှလုံးသားလဲ စုတ်ပြတ်သတ်
ငါက ကဗျာတွေရေးတယ
ကဗျာက ငါ့ကိုရေးတယ်
ကဗျာနဲ့ငါနဲ့၊ ငါနဲ့ကဗျာနဲ့
ငါနဲ့ ငါကိုယ်တိုင်ပဲ
လုံးထွေးသတ်ပုတ်
ရေမျောကမ်းတင် ငါက
ကဗျာတွေကို ဆုပ်ကိုင်မိတာလား
ကဗျာတွေကပဲ ဖမ်းဆွဲတာလား
မသေချာဘူး
ရေရေရာရာမရှိတဲ့ ငါ
ကဗျာမြစ်ထဲ ကူးခတ်
ကဗျာတွေက ကောင်းကင်ပေါ်ပျံတက
သည်လိုနဲ့ပဲ အိမ်မက်တွေအခါခါမက်
နောက်ဆုံး ...
ငါကိုယ်တိုင်လဲ သွေးစက်လက် ...။ ။

ကျွန်တော်ကြောက်တဲ့ သတ္တ၀ါ

ကျွန်တော်ကြောက်တဲ့သတ္တ၀ါဆိုပါလား။ အာ .. ဒုက္ခပါပဲ ဘာရေးရပ..။ ကျွန်တော်က အကောင်ပလောင်တွေဆို ဘာမှကြောက်တာမဟုတ်တော့ ဘယ်လိုအကောင်ကို ကြောက်တာပြောရပါ့။

အဲ... သတ္တ၀ါထဲမှာ ကြောက်တာဆိုရင်တော့ လူပဲဗျ ..။ လူတွေကိုတော့ တော်တော်ကြောက်တယ်. ခံရပေါင်းလဲများနေတာဆိုတော့ လူကိုကြောက်တယ်ဗျာ။ လူထဲမှာမှ လူမလေးတွေကို ပိုကြောက်တယ်။ ဘာလို့လဲဆိုတော့ အဆိပ်ပြင်းလို့ ..... ဘယ်လိုအဆိပ်ပျင်းလဲဆိုတော့ သူ့ အဆိပ်က တုန်းခနဲ လဲသွားသလိုမျိုးမဟုတ်ဘူး။ တမြေ့မြေ့နဲ့ ခံစားရခက်တာ.။ ဘာနဲ့ကုကု မပျောက်တာတော့ ကိုယ့်တွေ့ ပဲ။ အဲဒီလူမလေးတွေက ကိုက်ရင်လည်း အသည်းနှလုံးကို ရွေးကိုက်တာဆိုတော့ ကုတ်ရခက် လုပ်ရခက်နဲ့။ တအားနာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။တဆစ်ဆစ်နဲ့ အတော်လေးခံရခက်တဲ့ ဝေဒနာပေါ့ဗျာ။

ဘီလူးသရဲတွေနဲ့ ရင်ဆိုင်ရမှာလား လာစမ်းပါလေ မှင်စာသဘက်တွေပါ ခေါ်ခဲ့

ကမ္ဘာဦးအစက ဒိုင်နိုဆောတို့ ကင်းကောင်တို့နဲ့ ပြိုင်သတ်ရမလား အကုန်လုံး ခါးကချိုးပြီးကိုင်ပေါက်ပြစ်မယ်

တောသုံးထောင်ကို အစိုးရတဲ့ ကေသရာဇာ ခြသေ့င်္မင်းနဲ့လား သတ်ဦးမယ်ဗျာ

ဂျိန်းဘွန်းစ်တို့ ဂျက်လီတို့နဲ့ ပညာပြိုင်မှာလား အချိန်မရွေးပဲ

ကောင်းဘွိုင်တွေနဲ့ သေနတ်ချင်းပဲ ပစ်ဦးမလား