ဦးမင်းလူ နုတ်ထွက်သွားခြင်း

ဦးမင်းလူ နုတ်ထွက်သွားခြင်း

ယောက်ျားပီသတယ်ဆိုတာ
ကိုယ်နိုင်တဲ့သူကို
ဖိတွယ်တတ်တာဆိုရင် …။
ရိုးသားတယ်ဆိုတာ
သူများ မကောင်းကြောင်းနဲ့
ကိုယ်ကောင်းကြောင်းကို
မကွယ်မ၀ှက် ဖွင့်ပြောတတ်တာဆိုရင် …။
ကြိုးစားတယ်ဆိုတာ
ကိုယ့်မိသားစု ကောင်းစားရေး
တစ်ခုတည်းအတွက် ကြံစည်တာဆိုရင် …။
ဂုဏ်သရေရှိတယ်ဆိုတာ
သူတစ်ပါးပေါ်
အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင် …။
အားကိုးရတယ်ဆိုတာ
ညွှန်ကြားရေးမှူးချုပ်ရဲ့ ပီအေနဲ့
ခင်တယ်ဆိုတာကို ပြောတာဆိုရင် …။
မင်းရဲ့ ဧည့်သည်တော်စာရင်းထဲက
ငါ့နာမည်ဘေးမှာ
`ရာသက်ပန် ဖျက်သိမ်း´ ဆိုတာလေး
တဆိတ်လောက်
တေးမှတ်ထားလိုက်စမ်းပါကွယ်။ ။

မင်းလူ

ဆရာမင်းလူရဲကဗျာတွေ အကုန်လုံးကို တော်တော်ကြိုက်ပါတယ်။ တော်တော်ကြိုက်တဲ့အထဲမှာ ဒီတစ်ပုဒ်လည်း ပါတယ်ပေါ့ဗျာ ..။ ဆားချက်တယ်လို့လဲ မဟုတ်ပါဘူး..။ ကဗျာအဟောင်းလေးတွေ ပြန်ပြန်ဖတ်ရင်း ခံစားချက်တွေ တိုက်ဆိုင်လာတဲ့အခါ ဘလော့ပေါ်တင်ချင်လာတာရော၊ ဝေမျှခံစားချင်တဲ့သဘောပါ ..။ ဆရာမင်းလူရဲ့ ဦးမင်းလူကောင်းမှု ဆိုတဲ့ကဗျာစာအုပ်လေးများရှိရင် ကျေးဇူးပြုပြီး မျှဝေပေးပါခင်ဗျာ။ ကျွန်တော်အင်တာနက်ပေါ်တက်မွှေဖို့ အချိန်အားနည်းနေလို့ပါ ...။ အကြွေးရှင်တွေလည်း မမေ့ပါဘူးခင်ဗျ ..။ ယူတော့သည်ဖြစ်စေ မယူတော့သည်ဖြစ်စေ ကျွန်တော်ပြန်ဆပ်ပါ့မယ် ...။ အပြင်ကအကြွေးတွေကတော့ ခဏဆိုင်းပါ လောလောဆယ် ဘိုင်ပြတ် ဘတ်ပြိုင်နေလို့ပါ :P ။ အားလုံးပဲ ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေကြပါစေဗျာ ...။

အိမ်လွမ်းနာ

အမေရယ်
ဗလာနတ္တိပါပဲ
တိုးတိတ်ညင်သာလွန်းတယ်
ဒါပေမယ့်
တဆစ်ဆစ်နဲ့ ...။

သူငယ်ချင်းများနှင့် အမှတ်တရသင်္ကြန်

မနေ့က (၁၃.၄.၀၈) သင်္ကြန်အကျနေ့မှာ ကျွန်တော်တို့ ဒီမှာအတူတူရှိနေကြတဲ့ သူငယ်ချင်း (Blogger)တွေ ပထဆုံးအကြိမ် စုံစုံလင်လင် ဆုံဆည်းခဲ့ကြပါတယ်..။ သင်္ကြန်တွင်းမှာ သူများတွေ ကိုယ်စီကိုယ်စီ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပျော်ပါးနေတဲ့အချိန်မှာ ကျွန်တော်တို့လည်း အမှတ်တရလေး ဖြစ်သွားအောင် အခုလိုဆုံကြဖို့ စီစဉ်လိုက်ကြတာဖြစ်ပါတယ်…။

အဲဒီနေ့က ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုလေးဟာ အပျော်သဘော အမှတ်တရ သဘောမျိုး တစ်ခုတည်း အတွက် သီးသန့်မဟုတ်ပဲ မကြာခင်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေစုပေါင်းပြီး တည်ထောင် ကြမယ့် Website လေးတစ်ခုအကြောင်းကို ဆွေးနွေးတိုင်ပင်ကြဖို့လည်းပါဝင်ပါတယ်…။ အဲဒီ့ Website လေးမှာတော့ ကျွန်တော်တို့ တတ်သမျှ၊ သိသမျှ နည်းပညာအကြောင်းအရာများ၊ ကျွန်တော်တို့ ဖန်တီးထားတဲ့ အနုပညာ များနဲ့အတူ အခြားသော အကျိုးရှိနိုင်တဲ့ အခန်းကဏ္ဏများကို ထည့်သွင်းသွားဖို့ ရည်ရွယ်ထားပါတယ်။

ကျွန်တော်တို့ဆုံဆည်းမှုရဲ့ ပထမခရီးစဉ်အနေဖြင့် Парк Культуры (Park Of Cultre) လို့ ခေါ်တဲ့ ပန်းခြံကို ပထမဆုံးစတင်ချီတက်ကြပါတယ်..။ ကျွန်တော်တို့ရဲ့ ၀မ်းတွင်းသာယာစိုပြေရေးကိုလည်း အဲဒီ့နေရာမှာပဲ ဖြေရှင်းပြီး အမှတ်တရ ဓာတ်ပုံတွေနဲ့ မှတ်တမ်းတင်ခဲ့ကြပါတယ်..။ အဲဒီ့နောက်မှာတော့ ကမ္ဘာပေါ်မှာ နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ Красная Плошадь (Red Square) ကို ဆက်လက်ထွက်ခွာခဲ့ပြီး… မှတ်တမ်း ဓာတ်ပုံများဖြင့် မှတ်တမ်းတင်ခဲ့ကြပါတယ်…။
ကျွန်တော်တို့ရဲ့ အမှတ်တရ ဆုံဆည်းမှုလေးမှာ ထူးဆန်းမှုလော တိုက်ဆိုင်မှုလောမသိတဲ့ အဖြစ် အပျက်လေးတစ်ခုကိုတော့ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရပါတယ်..။ ဘာလဲဆိုတော့ မိုးရွာခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိနေထိုင်တဲ့ နေရာမှာ ဒီလိုအချိန်မျိုးမိုးရွာလေ့ ရွာထမရှိပါဘူး။ ဘာလို့ ကျွန်တော်က မိုးရွာတာကို အထူးအဆန်းတစ်ခုအနေနဲ့ ပြောရကြောင်းကို သိချင်ရင်တော့ အခုကျွန်တော်တို့ အစီအစဉ်မှာ ပါတဲ့သူများကိုဖြစ်ဖြစ် ကျွန်တော်တို့နှင့်အတူ တစ်နှစ်တည်း ကျောင်းအတူတူ တက်ခဲ့ကြတဲ့ တစ်ခြား သူငယ်ချင်းများကိုပဲ မေးကြည့်လိုက်ကြပါတော့ :) ။

ကျွန်တော်တို့ရဲ့ ဆုံဆည်းမှု အမှတ်တရနေ့ရက်လေးကို ကျွန်တော်တို့ ချစ်တဲ့ စာဖတ်သူများ၊ Blogger ညီအစ်ကိုများ၊ မောင်နှစ်များအားလုံးကို ဝေမျှရင်းနဲ့ “မင်္ဂလာနှစ်သစ်မှာ ကျွန်တော်တို့ချစ်တဲ့ မြန်မာ ပြည်သူ၊ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေရန် ဆုတောင်းပေးလိုက်ပါတယ်…။ ထို့အတူ ကျွန်တော်တို့ရဲ့ အမိမြန်မာနိုင်ငံတော်ကြီးသည်လည်း ယခု ထက်ပို ပိုမို၍စည်ပင် သာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။”

လမ်းလျှောက်ရတော့လည်း ညောင်းတာပေါ့ ... :P

၇ နာရီတောင်ခွဲတော့မယ် ...

We Blog : We Unite




ပေးချင်တဲ့နာမည်ပေး ငါခွေးမဖြစ်ရင်ပြီးရော


ပေးချင်တဲ့နာမည်ပေး ငါခွေးမဖြစ်ရင်ပြီးရော

အစလေးလုံး
အလယ်သုံး
အဆုံးငါးခုနစ်
ဘယ်သူချစ်ချစ် မချစ်ချစ်
အားလုံးကို ငါချစ်တယ်
လေးသုံးနှစ်တစ်
လေးနှစ်လေးနှစ်
ဘယ်လိုဖြစ်ဖြစ် ငါချစ်တယ်
မကျည်းရွက်စိပ်ပဲဖြစ်ဖြစ်
သပ်စေ့နှက် သုံးချက်ညီပဲဖြစ်ဖြစ်
ဘီလူးရယ်သံပဲဖြစ်ဖြစ်
ချစ်တယ်ဆို ချစ်တယ်ပဲကွာ
ငါ့ရင်ခုန်သံကိုပဲ
ချစ်ချစ်ချစ်ချစ်....
ပိုဒ်စုံရတုတစ်ပုဒ် ရေးချလိုက်တယ်
သူငယ်ချင်းတွေဆီကရတဲ့ သြဘာသံ
"တော်ပါတော့" တဲ့
ကျေးဇူးတင်ပါတယ် သူငယ်ချင်းတို့
ဒီအသံကို ငါစောင့်နေတာ...။

ဒီညအလွမ်းတွေကို
အကြိမ်ကြိမ်ခါချတယ်
တစ်သုံးခုနှစ်သုည
နှစ်တွေသာ အခါခါထပ်သွားတယ်
ငါတို့ မနက်ဖြန်တွေ
ဘယ်တော့တွေ့လေမလဲ
အထပ်ထပ်အကြိမ်ကြိမ်
ငါတွေးတယ်
ကြိတ်မျိုချလိုက်မိလိုက်တဲ့
`အားလုံးကိုအတည်´ ပြောကြ
ဆိုတဲ့စကားသံတွေ
နားပိတ်ထားလိုက်မိတယ်
ငါ့အတွေးတွေကိုချစ်တယ်
ငါ့အမြင်တွေယုံကြည်တယ်
တစ်နေ့ ငါတို့
အနာဂတ်တွေ နဂါးငွေ့တန်းရဲ့
တစ်ဖက်မှာ လင်းလက်ရမှာပေါ့....
ဒွိဟအတွေးတွေ
ခပ်မြင့်မြင့် အထပ်ပေါ်က ပစ်ချ
အိပ်ပျက်တဲ့ညတွေကို
စွန့်ပစ်မယ် သူငယ်ချင်း .....။

မနက်ဖြန် ဘာဖြစ်မယ်
ငါမသိ
ဒီနေ့ အကောင်းဆုံးကို
ငါထိတွေ့ပြီး ငါခံစားတယ်
ဒီနေ့ ဘာနေ့လည်း?
ငါမသိဘူး ...
ငါမခံစားတတ်ခဲ့ဘူး...
ဒါပေမဲ့
လွတ်လွတ်လပ်လပ်
ပျော်ပျော်ရွှင်ရွှင်ပေါ့
ငါ.....
စိတ်တွေကို
လေပေါ်တင်လွှတ်လိုက်တယ်....။

ခွေးမဖြစ်၇င် ပြီးရောတဲ့
သိပ်အဆင်ပြေတာပေါ့
ဖြစ်ချင်လည်း ဖြစ်ပေါ့ကွယ်
မြတ်နိုးစရာဆိုလို့ ဒါလေးတွေပဲရှိတာ
ဟော .... ပါးစပ်ဖျားက ထွက်ကြလာတာ မဟုတ်ဘူး
ရင်ဘတ်ထဲက ပစ်စလက်ခတ်ကြလာတာ
သိပ်များများမကြည့်ပါနဲ့
ခြေဖျားလေးလောက်ပဲ မြင်အောင်ကြည့်ပေါ့
လက်တွေကို ဆုပ်ချည်ဖြန့်ချည်နဲ့
ဖြေချလိုက်တော့ ပါးပါးလေးတဲ့
တကယ်ကို ပါးပါးလေးပဲ
လှပ်ကြည့်လိုက်မယ်
မျက်တောင်မခတ်ကြေး
........................
ဘာတွေလဲ မမေးနဲ့
ခင်ဗျား အသည်းကွဲသွားမယ် ....။

လောကရဲ့ ဖြစ်ပျက်ခဲ့တဲ့ အမှန်တရား
တွေ့ခဲ့သူအတွက်
အံ့သြမိလို့ချပြမိတယ်
ငါ့စေတနာကို ငါ့သူငယ်ချင်းတွေ
မြင်နိုင်လောက်ရဲ့။
လောကရဲ့လွတ်လပ်မှုတရား
ဒီညမှာ အားရပါးရတွေ့ခဲ့ရတယ်
ဆုံနေကျအထီးကျန်မှုတွေ
ဒီညမှာတော့ သူငယ်ချင်းတစ်စုကြောင့်
အဝေးဆုံးမှာ လွင့်ပါးလို့
စိတ်ရဲ့ အကြွင်းမဲ့ဟာ
နှစ်သစ်သင်္ကြန်မှာပဲ လွင့်မျောထားစေတယ်...။

ဒီနှစ်သစ်မှာလည်း အထီးကျန်နေဆဲပါပဲ
အရာရာဟာ အသစ်အသစ်တွေနဲ့ နေ့သစ်တွေစနေပါစေ
လွမ်းမောမှု့တွေ အထီးကျန်မှု့တွေ အားလုံးထားခဲ့မယ်
မနက်ဖြန်မှာ နှစ်သစ်ရဲ့ နေ့သစ်တွေ ရှိနေမယ်
အားလုံးဟာ သင်္က္ခရ သဘောပဲပေါ့
ခင်ဗျားဟာ မနေ့ကထက် ဒီနေ့အတွက်တော့လူသစ်ပဲလေ
ခင်ဗျားပြောလိုက်ပါ ဒါဟာ ကျွန်တော်တို့အတွက် ဖြေသိမ့်မှု့တစ်ခုမဟုတ်ခဲ့ဖူးလား ။

မနက်ဖြန်ရဲ့အတွက် ကျွန်တော် အိပ်မက် မက်ဦးမယ်
ကျွန်တော့်တို့ ကောင်းကင်မှာ ကြယ်တွေ လင်းလက်နေမယ်
ခင်ဗျာအတွက်ဆိုတာထက် ကမ္ဘာမြေအတွက် ကြယ်တွေ လင်းလက်နေတယ်
တစ်ကိုယ်ကောင်းစိတ်လေးတော့ လျှော့
မနက်ဖြန်ဟာ ၁၃၇၀ နေ့သစ်တွေပဲပေါ့
မပျော်ခဲ့ဖူးတဲ့နေ့ဟာ တစ္တေအချောက်ဆုံးနေ့ဆိုရင်
ကျွန်တော် ခင်ဗျားကို နွေလည် နေ့တွေ လက်ဆောင်ပေးမယ်
နှစ်သစ်ဟာ အသစ် အသစ်တွေနဲ့ ဖူးပွင့်လို့ကောင်းနေတုံး ။ ။

ညိမ်းညို၊ တင့်ထူးရွှေ၊ မျှားပြာ၊ မင်းကျန်စစ်၊လွမ်းလုင်၊ လွမ်းစေ




ခွင့်ပြုပါခင်ဗျာ ...

ကျွန်တော် ဘလော့ရေးခြင်းကို နားထားပါဦးမယ်ခင်ဗျာ ...။

ထင်သလိုရေးတယ် ရေးချင်သလိုရေးတယ် ငါမှားသွားလို့လဲ ကမ္ဘာမပျက်ဘူး

ထင်သလိုရေးတယ် ရေးချင်သလိုရေးတယ် ငါမှားသွားလို့လဲ ကမ္ဘာမပျက်ဘူး

ယောင်တောင်ပေါင်တောင်
ကြောင်တောင်တောင်ကောင်တွေရဲ့
အစာအိမ်ဝမှာ မုသာဝါဒတွေနဲ့ ပိတ်ဆို့နေတယ်
ကမ္ဘာကြီးကပဲ ပိုပြီးတိမ်းစောင်းလာတာလား
လူတွေကပဲ စောင်းငန်းငန်းဖြစ်လာတာလား
လက်တွေတယမ်းယမ်း အံတွေတကျိတ်ကျိတ်နဲ့
လမ်းတွေက မကောက်ပေမယ့်
စိတ်တွေကတော့ မဖြောင့်တော့ဘူး
မနေ့တနေ့ကတော့ ကျွန်တော်နဲ့ ငါ
လက်မောင်းသွေးဖောက်လို့ သစ္စာရေသောက်ကြတယ်
( တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိကြေးပေါ့ )
သောက်ပြီးခဏမှာပဲ ဗိုင်းခနဲလဲကျတယ်
( မသေသေးဘူး ဆန့်ငင်ဆန့်ငင်နဲ့ )
ကဲ ကဲ အားရပါးရကခုန်ကြ
ဒါဟာ အလ္လာအရှင်မြတ်ရဲ့ အမိန့်တော်ကို ခံယူတာမဟုတ်သလို
ခရစ်တော်မှာလည်း အိပ်ပျော်တာမဟုတ်ဘူး
နေ့စဉ်ထုတ်သတင်းစာမှာ ၁" . ၂" အကွက်တစ်ကွက်ပါဖို့လဲ မဟုတ်ဘူး
ကျင့်ခြင်သလို ကျင့်ပြီး ဆင်ကြံ ကြံနေကျတဲ့
နိုင်ငံကြီးသားများ နှုတ်သီးကောင်းလျှာပါးဖို့ဖြစ်တယ်
အတောင်နှစ်ဆယ် ၀တ် မ၀တ်
မသေချာတဲ့ ယောကျာင်္းရင့်မာကြီးများ
ပုဆိုးခြုံထဲက လက်သီးပြဖို့ဖြစ်တယ်
ရယ်ကြ မောကြ ပျော်ကြ ပါးကြ
လူတော်လူကောင်းတွေရဲ့ ပုံစံခွက်ထဲ
ဒလိမ့်ကောက်ကွေး ပြုတ်မကျခင်
ပိဿလေးနဲ့ ဘေးပစ်ကြ
ဒါမှမဟုတ် အလွှာပါးပါးခြုံပြီး ငိုကြွေးကြ
ပဉ္စမံအနမ်းတွေနဲ့ အားပါးတရနမ်းကြ
ဟောဒီနေရာမှာ စာရေးတာ၊ကဗျာရေးတာမဟုတ်သလို
အနုပညာကို ချပြတာလည်းမဟုတ်ဘူး
စိတ်ထင်ရာကို လျှောက်ရေးတာ
မိုက်တယ်ဆိုတာ သိပ်လွယ်တာပေါ့
လက်ညှိုးလေးကွေးတတ်ဖို့ မလိုဘူး
နားရွက်တံတွေးဆွတ်တတ်ဖို့ပဲ လိုတယ်
အကုန်လုံးမှန်နေတဲ့ လူတွေကြားမှာ
တစ်ယောက်မှားသွားလို့ ဘာဖြစ်သွားမလဲ
ကဲပါလေ လူညီကြသားပဲ
ဤ ကျွဲဖတ်လိုက်ကြတာပေါ့ ... ... ...။

ကဗျာခေါင်းစဉ်ကို အစ်မဟန်နီရဲ့ ဘန်နာက စာသားကို ယူထားတာပါ ..။

မင်းကို သတိရနေတယ် ချစ်သူ

video

တခါတလေတော့လည်း ငါဟာ အခြေအနေမဲ့တစ်ယောက်ပေါ့ ...။

ဒီနေ့မှာ သူမအတွက် ကျွန်တော်နူးညံ့စွာရူးသွပ်တယ်

ဒီနေ့မှာ သူမအတွက် ကျွန်တော်နူးညံ့စွာရူးသွပ်တယ်

ဟောဒီနေ့မှာ ကျွန်တော့်ရဲ့ ရင်ဘတ်ပေါ်ကို
ကျွန်တော် တဖုတ်ဖုတ်နဲ့ ပစ်ကျတယ်
သူမမျက်နှာညှိုးငယ်တဲ့အခါ
ကျွန်တော့်ဘာသာဗေဒတွေ
ဖောက်လွှဲဖောက်ပြန် ဖြစ်ကုန်တယ်
သူမရဲ့ မျက်ရည်တွေကြားမှာ
ကျွန်တော် စုန်းစုန်းမြှုပ်တယ်
စီကာစဉ်ကာ မဟုတ်ပဲ
ကျလာတဲ့ကျွန်တော့်ရဲ့မျက်ရည်တွေကိုတော့
ခပ်ဝေးဝေးကို ကန်ထုတ်ပြစ်မိတယ်
အရှအနများတဲ့ ကျွန်တော့်ကဗျာတွေဟာ
သူမနဲ့မသက်ဆိုင်ပါဘူးဆိုတာ
ကျွန်တော်တိုးတိုးလေး ရေရွတ်တယ်
ကျွန်တော်နဲ့သူမ ရင်ခြင်းအပ်တဲ့အခါ
ကျွန်တော်ရဲ့နူးညံ့မှုတွေနဲ့
သူမကို နွေးထွေးစေမယ်
မြောက်ပြန်လေတွေ မတိုက်ခတ်မီ
သူမနဲ့ပါးပြင်ချင်း နီးချင်တဲ့အကြောင်း
ကျွန်တော် စာလုံးပေါင်းပြမယ်
တိမ်တွေပြာမယ့် တစ်နေ့
ကျွန်တော့်ရင်ခွင်မှာ သူမကိုထွေးပွေ့လို့
ချစ်ခြင်းသံစဉ်တွေကိုသီဆိုပြမယ်
သူမရဲ့ မနက်ခင်းတိုင်းကို
ကျွန်တော့်အနမ်းတွေနဲ့
နိုးထစေမယ်ဆိုတဲ့အကြောင်း
သူမရဲ့ နှုတ်ခမ်းတွေကို တိုင်တည်ပါတယ်။



စိတ်ညစ်နေတဲ့အခါ …

စိတ်ညစ်နေတဲ့အခါ


စိတ်ညစ်နေတဲ့အခါ
ကျွန်တော့်မျက်နှာကို ပွတ်သပ်ပေးတတ်တဲ့
ချစ်သူရဲ့ လက်ကလေးတွေကို လွမ်းတယ် ...။

စိတ်ညစ်နေတဲ့အခါ
တစ်ခါတည်း ကိုင်ကြည့်ဖူးတဲ့
ချစ်သူရဲ့ခြေသန်းလေးကို လွမ်းတယ် ...။

စိတ်ညစ်နေတဲ့အခါ
အမြဲတမ်းနမ်းခဲ့ရတဲ့
ချစ်သူရဲ့ ဆံပင်ရှည်ရှည်တွေကို လွမ်းတယ် ...။

စိတ်ညစ်နေတဲ့အခါ
တစ်ခါမှ မနမ်းဖူးတဲ့
ချစ်သူရဲ့ နှုတ်ခမ်းပါးပါးလေးကို လွမ်းတယ် ...။

စိတ်ညစ်နေတဲ့အခါ
ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့
ချစ်သူရဲ့ ရင်ငွေ့ နွေးနွေးကို လွမ်းတယ် ...။

စိတ်ညစ်နေတဲ့အခါ
ချစ်သူရဲ့ အစိတ်အပိုင်းအားလုံးကို လွမ်းတယ် ...။

မျက်လွှာချ မကြည့်ကြေး

မျက်လွှာချ မကြည့်ကြေး


ခြေသလုံးအိမ်တိုင်

ရွတတ ကျွတ်ဆတ်ဆတ်မို့

မည်ကာမတ္တတွေနဲ့

ကာရန်ရှာကြည့်မိတယ်

အဆုံးတော့ ရှုံ့တွနေတဲ့

နာမ၀ိသေသနတစ်ခုကို

အရှင်လတ်လတ်

ဆုပ်ကိုင်မိတယ်

နာကြည်းစွာ၊ ရွံ့ ရှာစွာ

စက်ဆုပ်စွာ တိုက်ခိုက်ရန်

အဆင်သင့်ဖြစ်ပါပြီ …။